ဈေးကွက်ဖော်ဆောင်မှုဖြစ်သော Marketing သည် စီမံခန့်ခွဲမှု၏ တစ်စိတ်တစ်ဒေသဖြစ်သည်။ Marketing စီမံခန့်ခွဲမှုသည် အမြတ်အစွန်းရရှိနိုင်သော Customer Relationship ရရှိအောင် မဟာဗျူဟာများ ရေးဆွဲချမှတ် အကောင်အထည်ဖော်ရခြင်း ဖြစ်သည်။ သို့ရာတွင် သင့်ကုမ္ပဏီသည် မည်သည့် ဒဿနအမြင် အယူအဆနှင့် ကိုက်ညီကြောင်း စဉ်းစားရန်လိုအပ်ပါသည်။ ကမ္ဘာပေါ်တွင် တွင်ကျယ်စွာ အသုံးပြုနေကြသော Marketing Concept (၅) မျိုးကို လေ့လာတင်ဆက် လိုက်ပါသည်။
၁။ Production Concept
ဤ Concept မှာ ရှေးအကျဆုံး Marketing စီမံခန့်ခွဲမှု အမျိုးအစားဖြစ်သည်။ ဤ Concept သည် ကုန်ထုတ်လုပ်မှုကို ဦးစားပေးသော Concept ဖြစ်ပြီး ထုတ်ကုန်များကို ဈေးအသက်သာဆုံး၊ အရေအတွက်အများဆုံး ထုတ်လုပ်ရန် ဦးစားပေးကြသည်။ စက်ရုံအမြောက်အများ တည်ထောင်ကြပြီး လူအများစုသည် စက်ရုံတွင် ဝင်ရောက်လုပ်ကိုင်ကြလေ့ရှိသည်။ ထိုသို့ ဈေးနည်းနိုင်သမျှနည်းအောင် ထုတ်လုပ် ရောင်းချခြင်းဖြင့် စားသုံးသူများသည် နှစ်ခြိုက်စွာ ဝယ်ယူကြမည်ဟု ယူဆသော ဈေးကွက်ဖော်ဆောင်မှုတစ်ရပ် ဖြစ်သည်။ ဤစနစ်၏ အားနည်းချက်မှာ စားသုံးသူများသည် ဈေးသက်သာတိုင်း ဝယ်ယူရန်မသေချာခြင်းဖြစ်သည်။ သို့သော် Production Concept အား ယနေ့ထိတိုင် အချို့နေရာများတွင် အသုံးပြုနေဆဲဖြစ်သည်။
၂။ Product Concept
ဤ Concept မှာ Product အား အဓိကထားသော Concept ဖြစ်သည်။ Production Concept နှင့်မတူသောအချက်မှာ Product Concept တွင် ဈေးသက်သာအောင် အဓိကမထားပဲ အရည်အသွေး Quality ကောင်းသည်ထက်ကောင်းအောင် ထုတ်လုပ်သော နည်းဗျူဟာဖြစ်သည်။ ဝယ်သူများမှာ ပစ္စည်းအရေအသွေးကောင်းလျှင် ဈေးကြီးသော်လည်း ဝယ်ယူအားပေးမည်ဟု ယူဆသော ဈေးကွက်ဖော်ဆောင်မှုတစ်ရပ် ဖြစ်သည်။ သို့ရာတွင် ဝယ်သူများမှာ ထိုပစ္စည်းအား အမှန်တကယ် အသုံးလိုခြင်းမရှိသောအချက်သည် ဤစနစ်၏ အားနည်းချက် တစ်ရပ်ဖြစ်သည်။ Product Concept သည်လည်း ယနေ့ထိအသုံးပြုနေဆဲ Concept ဖြစ်သည်။
၃။ Selling Concept
ဤ Concept မှာ ရောင်းချခြင်းကို အဓိကထားသော Concept ဖြစ်သည်။ Selling Concept ၏ အယူအဆမှာ များပြားလှသော ထုတ်ကုန်များကို တွန်းအားပေး၍ အတင်းအကြပ် မရောင်းချမလျှင် ဝယ်သူများသည် ဝယ်ယူလိမ့်မည်မဟုတ်ဟု ယူဆဖြင်းဖြစ်သည်။ ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် စီးကရက် လာရောက်ရောင်းချခြင်းသည် Selling Concept အမျိုးအစားဖြစ်သည်။ Selling Concept ၏ အားသာချက်မှာ သတ်မှတ်ထားသော ရောင်းအားကို အချိန်မီရရှိနိုင်ခြင်းဖြစ်သည်။ အားနည်းချက်မှာ ဝယ်သူမှာ အားနာ၍ စိတ်ရှုပ်၍ ဝယ်ယူသူများပြီး မိမိထုတ်ကုန်အား အမှန်တကယ် မလိုအပ်ပဲ ဝယ်ယူခြင်း၊ ဝယ်သူအား စိတ်အနှောင့်အယှက်ဖြစ်စေခြင်းကြောင့် မိမိလုပ်ငန်း၏ Brand Image ကို ထိခိုက်စေနိုင်ခြင်းတို့ ဖြစ်သည်။ Selling Concept သည်လည်း အသုံးများသော Marketing Concept အမျိုးစား ဖြစ်သည်။
၄။ Marketing Concept
ဤ Marketing Concept မှာ ဝယ်သူများအား အဓိကထား စိတ်ကျေနပ်မှု Customer Satisfaction ပေးသော Concept ဖြစ်သည်။ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း မတိုင်မီ ဝယ်သူများ၏ လိုအပ်ချက်အား Research and Analysis လုပ်ပြီးမှ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အဓိကဆောင်ရွက်သော Marketing Concept ဖြစ်သည်။ Marketing Concept မှာ Selling Concept နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး စားသုံးသူများအား လိုအပ်နေသော ထုတ်ကုန်ကို ဖြည့်ဆည်းပေးနိုင်သော Concept ဖြစ်သည်။ Marketing Concept မှာ စီးပွားရေးလုပ်ငန်းများတွင် အသုံးများသော Concept အမျိုးအစားဖြစ်သည်။
၅။ Societal Marketing Concept
ဤ Concept မှာ တာဝန်ယူမှု အပြည့်ရှိပြီး Responsible Marketing Concept ဟုလည်း ခေါ်ဝေါ်သုံးစွဲကြသည်။ ဝယ်ယူသူများ၏ တောင်းဆိုမှု နှင့် ကုမ္ပဏီဘက်မှ လိုအပ်ချက်ကိုသာ အဓိကမထားဘဲ လူမှုအသင်းအဖွဲ့၏ ရေရှည်အကျိုးစီးပွားအတွက် အဓိကထားဆောင်ရွက်သော Marketing Concept ဖြစ်သည်။ Societal Marketing Concept မှာ မိမိကုမ္ပဏီ၏ အမြတ်အစွန်း၊ Customer ၏ လိုအပ်ချက် နှင့် လူမှုဖူလုံရေး၊ လူမှုအကျိုးစီးပွား ၃ မျိုးလုံးအတွက် တာဝန်ယူမှုဖြင့် အဓိကဆောင်ရွက်ရသည့် Concept ဖြစ်သည်။ Marketing Concept အားလုံးတွင် Societal Marketing မှာ ယနေ့ခေတ်တွင် အဆင့်မြင့်ဆုံးဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိသော Marketing Concept ဖြစ်သည်။
Ref: iEdunote